Search for:
ကိစ္စတိုင်းကို တရားစွဲချင်လား

အမှုအခင်းဆိုတာ မဖြစ်ရင် ကောင်းတယ်။ တရားရုံး မရောက်မီ ပြေလည်အောင် ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ တခါတလေကျတော့ မခံချင်စိတ်၊ ဒေါသစိတ်တွေကြောင့် ပြေလည်မှု မရဘဲ တရားရုံး ရောက်သွားတဲ့အခါကျရင် အမှုကိစ္စကြောင့် အချိန်ကုန်တယ်၊ ငွေကုန်တယ်၊ အလုပ်ရှုပ်တယ်၊ စိတ်ရှုပ်ရတယ်။ ဆက်ပြောရရင် တရားမမှုတွေဆိုရင် ပြီးကိုမပြီးနိုင်ဘဲ နှစ်နဲ့ချီ ကြာလေ့ရှိတယ်။ ပုံထဲကလို တရားရုံးတင်ရတဲ့ စာရွက်စာတမ်းတွေကိုက အများကြီး။

A&D Myanmar Legal Services

အမှန်ကတော့ မှားနေတယ်

ရှေ့နေနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ပုဒ် ပြောပြမယ်နော်။

တစ်နေ့မှာ ရှေ့နေကြီးတစ်ယောက်ဟာ သူ့ရဲ့လူငယ်လက်ထောက်ကို မေးခွန်းတစ်ခု မေးလိုက်တယ်။
“ငါ့ကို ပြောပြစမ်း၊ တရားရုံးမှာ ငါတို့ရဲ့အမှုကို ဘယ်လိုကာကွယ်မလဲ”

လူငယ်လက်ထောက်က အတွေးနဲ့ဖြေလိုက်တယ်၊
“ဆရာကြီးရေ၊ ကျွန်တော်တို့က မှန်တာကို ကာကွယ်ရမှာပေါ့။”

ရှေ့နေကြီးက ပြုံးပြီး ပြောလိုက်တယ်၊
“ဟုတ်ပြီ၊ ဒါပေမယ့် မှန်တာကို ကာကွယ်ဖို့ထက် မှားတာကို ကာကွယ်တတ်ဖို့က ပိုအရေးကြီးတယ်။”

လူငယ်လက်ထောက်က အံ့သြသွားပြီး မေးလိုက်တယ်၊
“ဘာကြောင့်ပါလဲ ဆရာကြီးရယ်?”

ရှေ့နေကြီးက ရယ်ပြီး ဖြေလိုက်တယ်၊
“ဘာလို့လဲဆိုတော့… မှားတာတွေက ပိုများလို့ပဲ။”

ဟားဟား၊ ဒီလောက်ဆို ရှေ့နေတွေရဲ့ လောကကြီးကို နည်းနည်းလေး ရိပ်မိမယ်ထင်ပါတယ်။

A&D Myanmar Legal Services

ဒီလိုမှန်းသိရင် အဖော်တွေခေါ်လာပါတယ်

ကိုယ်က လူတစ်ယောက်ကို ထိုးကြိတ်လို့ပဲ ဖြစ်ဖြစ်၊ လက်နက်တစ်ခုခုနဲ့ပဲဖြစ်ဖြစ် တိုက်ခိုက်လိုက်လို့ သေသွားရင် လူသတ်မှုနဲ့ အရေးယူခံရနိုင်ပါတယ်။ ဒါပေမဲ့ အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်လို့ အတိုက်ခိုက်ခံရတဲ့သူ သေသွားတဲ့ အမှုမျိုးမှာ ကျူးလွန်ခဲ့သူတွေ ဘယ်သူမှ လူသတ်မှုနဲ့ အရေးယူမခံရတော့ သာမန်ပြည်သူတွေအနေနဲ့ နားမလည်နိုင်ဘူး ဖြစ်ရတယ်။ ဥပဒေကြောင်းအရတော့

တစ်ဦးထက်ပိုသော တရားခံများက တစ်ခုထက်ပိုသော ဒဏ်ရာများကို ရရှိစေခဲ့သည့်အမှုတွင် သေလောက်သော ဒဏ်ရာကို မည်သူပြုလုပ်ခဲ့သည်ဟု တစ်ထစ်ချ ယူဆခြင်း မပြုနိုင်လျှင် တရားခံများအား သံသယအကျိုးခံစားခွင့်ပြုပြီး လက်နက်ကိုလိုက်၍ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့မဟုတ် မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှု အရ အပြစ်ပေးသင့်သည်ဟု စီရင်ထုံးများက ထုံးဖွဲ့ထားပါသည်။

ပြောရရင်တော့ အသတ်ခံရသူကို အားလုံးက ဝိုင်းဝန်း ထိုးကြိတ်ကြတဲ့အခါမျိုး၊ တုတ်နဲ့ ဝိုင်းရိုက်ကြတဲ့အခါမျိုး၊ ဓားနဲ့ ဝိုင်းခုတ်ကြတဲ့အခါမျိုးမှာ ဘယ်သူ့ရဲ့ ထိုးကြိတ်မှု၊ ရိုက်နှက်မှု၊ ခုတ်ထစ်မှုကြောင့် သေဆုံးရတယ်ဆိုတာကို ဆုံးဖြတ်လို့ မရရင် ကျူးလွန်ခဲ့တဲ့ သူတွေဟာ လူသတ်မှုနဲ့ အပြစ်မပေးခံရဘဲ အပြင်းအထန်နာကျင်စေမှုနဲ့ အပြစ်ပေးခံရပါတယ်။

A&D Myanmar Legal Services

သေခါနီးမှ ပေးလို့ရလား

သေခါနီးဆဲဆဲပေးကမ်းခြင်းသည် စင်စစ်ပေးသူသည် ၎င်း သေဆုံးသွားသောအခါမှ ပေးရန် ရည်ရွယ်၍ ပြုလုပ်သည်ဟု မှတ်ယူကြရမည်ဖြစ်ရာ သေတမ်းစာပြုလုပ်သည့် နည်းလမ်းတစ်ခုပင် ဖြစ်နေသည်။ မြန်မာဗုဒ္ဓဘာသာများ၌ သေတမ်းစာပြုလုပ်၍ ခွဲဝေခွင့် မရှိသောကြောင့် အကယ်၍ သေခါနီးဆဲဆဲ၌ ပေးကမ်းခြင်းကို အသိအမှတ်ပြုခဲ့လျှင် မိမိတို့လူမျိုး၏ တရားဥပဒေ သို့မဟုတ် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို ချိုးဖောက်ခွင့်ပြုရာ ရောက်ပေသည်ဟု ပြဆိုထားသည်။ ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာဝင်များအဖို့ သေခါနီးဆဲဆဲ ပေးကမ်းခြင်းသည် တရားမဝင်ဟု ဆိုရပေမည်။

A&D Myanmar Legal Services

နိုင်ငံရပ်ခြားမှ ကိုယ်စားလှယ်လွှဲစာပြုလုပ်ခြင်း

မိမိအနေဖြင့် တိုင်းတစ်ပါးမှာ ရောက်နေသည့်အခါ မိမိ၏ကိစ္စတွေကို အခြားသောသူက မိမိ၏ကိုယ်စား ဆောင်ရွက်ပေးရန်အတွက် နိုင်ငံခြားမှနေ၍ ကိုယ်စားလှယ်လွှဲစာ ပြုလုပ်လိုလျှင် အောက်ပါအတိုင်း ပြုလုပ်ရမည်။

နိုင်ငံခြားတိုင်းပြည်တွင် ကိုယ်စားလှယ်လွှဲစာကို ဖြစ်စေ၊ အခြားစာမှတ်စာတမ်း တစ်စုံတစ်ရာကို ဖြစ်စေ ပြုလုပ်လိုလျှင် သက်ဆိုင်ရာနိုင်ငံရှိ နိုတြီပဗ္ဗလစ်သည် ၎င်းရှေ့တွင် ပြုလုပ်ခြင်းမှန်ကြောင်း လက်မှတ်ရေးထိုးပြီး၊ ယင်းလက်မှတ် ရေးထိုးသူ နိုတြီပဗ္ဗလစ်သည် သက်ဆိုင်ရာနိုင်ငံက ဥပဒေအရ ခန့်ထားသည့် နိုတြီပဗ္ဗလစ် ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သံရုံးအရာရှိ သို့မဟုတ် ကောင်စစ်ဝန်က ထပ်ဆင့်လက်မှတ် ရေးထိုးအတည်ပြုရန် လိုအပ်သည်။

A&D Myanmar Legal Services

အကုန်လုံးရဲ့တစ်ဝက်ကို ပိုင်သလား

မြန်မာပြည်မှာ အများစုက “လင်ပိုင်တဲ့ ပစ္စည်းကို မယားဖြစ်သူက တစ်ဝက်ပိုင်ဆိုင်ပြီး၊ မယားဖြစ်သူရဲ့ ပစ္စည်းကို လင်က တစ်ဝက်ပိုင်ဆိုင်တယ်” ဆိုပြီး အမှတ်မှားနေကြတယ်။ တကယ်တော့ လင်မယား ဖြစ်ပြီးနောက် လက်ထက်ပွား ပစ္စည်းတွေကိုသာ တစ်ယောက်တစ်ဝက် ပိုင်ဆိုင်ခွင့် ရှိကြပြီး၊ လင်မယား မဖြစ်ခင်တုန်းက ရှိခဲ့တဲ့ ကိုယ့်အိမ်ထောင်ဖက် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုတော့ တစ်ဝက်ပိုင်ဆိုင်ချင်လို့ မရပါဘူး။

ကိုယ့်အိမ်ထောင်ဘက်ရဲ့ ပစ္စည်းတွေကို ဘယ်အချိန်မှာ အပြည့်အဝ ပိုင်ဆိုင်ခွင့် ရှိသလဲဆိုရင် မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်မယားနှစ်ဦးထဲက တစ်ယောက်ယောက် ကွယ်လွန်ချိန်မှာ ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်ဖက်က ကွယ်လွန်သူရဲ့ ပစ္စည်းများကို အမွေအဖြစ် အပြည့်အဝ ရရှိခြင်း ဖြစ်တယ်။

A&D Myanmar Legal Services

“ရေအဆုံး၊ ကုန်းတစ်ဝက်” လား

မြန်မာပြည်မှာ လူအများ ပြောလေ့ရှိတဲ့ စကားတွေထဲမှာ “ရေအဆုံး၊ ကုန်းတစ်ဝက်” ဆိုတဲ့ စကားလည်းပါတယ်။ ဒီစကားအရဆိုရင် ရေထဲမှာ ပစ္စည်းတစ်ခုခု တွေ့လို့ရှိရင် တွေ့တဲ့ပစ္စည်းက တွေ့တဲ့သူ အပိုင်ဖြစ်ပြီး၊ ကုန်းပေါ်မှာ ပစ္စည်း ကောက်ရလို့ရှိရင် ကောက်ရသူနဲ့ မူလပစ္စည်းပိုင်ရှင်တို့ တစ်ယောက်တစ်ဝက် ပိုင်ဆိုင်ကြတယ်လို့ အဓိပ္ပာယ် ရတယ်။ တကယ်ရော ဒီလိုဟုတ်ရဲ့လား။

ဥပဒေအရကတော့ ကောက်ရသောပစ္စည်း၏ ပိုင်ရှင်ဖြစ်ကြောင်းသိလျက်နဲ့ ပြန်ပေးရန် ငြင်းဆန်ရင် မရိုးမဖြောင့်သော သဘောဖြင့် မိမိ၏ပစ္စည်းအဖြစ် ပြောင်းလွဲခြင်းဖြစ်လို့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၃ ကို ကျူးလွန်ရာ ရောက်တယ်လို့ ပြဌာန်းထားတယ်။

A&D Myanmar Legal Services

နောင်ပြင်ရန် ခက်သည့်အမျိုး

မြန်မာတွေအဖို့ အိမ်ထောင်ပြုရတာ အလွန်တရာမှ လွယ်ကူတယ်။ ယောက်ျားနဲ့ မိန်းမ အတူပေါင်းသင်းနေထိုင်တာကို အိမ်နီးနားချင်း ပတ်ဝန်းကျင်က သိရင်ကို လင်မယားအရာမြောက်တယ်။ “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး” ဆိုတဲ့ မြန်မာစကားပုံ အရ လင်မယားဖြစ်ပြီးမှ တစ်ယောက်နဲ့ တစ်ယောက် ကွာရှင်းချင်ရင်တော့ အင်မတန်မှ ခက်တယ်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယား ကွာရှင်းဖို့အတွက် အောက်ပါအချက် ၆ ချက်ထဲက တစ်ချက်ချက်နဲ့ ငြိမှ ကွာရှင်းလို့ ရတယ်။
(၁) နှစ်ဦးသဘောတူကွာရှင်းခြင်း
(၂) လင်ဖြစ်သူ ရဟန်းပြုခြင်း
(၃) ရက်စက်မှု ကျူးလွန်ခြင်း
(၄) လင်၏ ဖောက်ပြန်မှု
(၅) စွန့်ပစ်မှု
(၆) လီဆယ်မှု

နှစ်ဦးသဘောတူ ကွာရှင်းတာက ဘာပြသနာမှ မရှိသလို၊ သာသနာ့ဘောင်ထဲ အပြီး ဝင်သွားတဲ့သူနဲ့ ကွာရှင်းရတာလည်း အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ ကျန် (၄) ချက်မှာတော့ တစ်ဦးဦးက မကွာရှင်းပေးလိုရင် ကွာရှင်းခွင့် ရဖို့ ခက်ခဲပါတယ်။ ကွာရှင်းလိုသူက ကွာရှင်းခံရမယ့်လူရဲ့ ရက်စက်မှု ကျူးလွန်ကြောင်း၊ ဖောက်ပြန်တဲ့အကြောင်း၊ စွန့်ပစ်ထားပါတယ်ဆိုတဲ့အကြောင်း၊ လီဆယ်ပြီး စွပ်စွဲပြောဆိုတဲ့အကြောင်းတွေကို ပေါ်လွင်ထင်ရှားအောင် တရားရုံးမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

A&D Myanmar Legal Services

ရဟန်းဘဝနဲ့ မိဘရဲ့အမွေကို တောင်းပိုင်ခွင့် ရှိမရှိ

မိဘများ ကွယ်လွန်ချိန်မှာ အမွေဆိုတဲ့ ကိစ္စရပ်က ပေါ်ပေါက်လာပြီ။ အဲဒီအချိန်မှာ ကိုယ်က ရဟန်းဘဝနဲ့ ဖြစ်နေတယ်။ ဒီအမွေကို ရဟန်းဝတ်နဲ့ တောင်းပိုင်ခွင့် ရှိသလား။ တကယ်တော့ ရဟန်းဝတ်ဖြင့် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု စွဲဆိုမယ်ဆိုရင် မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ညီညွတ်မှု မရှိ။ ထာဝရ ရဟန်းဝတ်ရန် မရည်ရွယ်ဘဲ ဒုလ္လဘရဟန်းဝတ်နေတဲ့ အချိန်မို့လို့ ရဟန်းဘဝဖြင့် အမွေပုံ စီမံခန့်ခွဲပေးစေရန် စွဲဆိုရတာပါဆိုပြီး အကြောင်းပြမယ်ဆိုရင်လည်း သင့်မြတ်မှု မရှိသကဲ့သို့ လက်ခံထိုက်သည်လည်း မဟုတ်ချေ။

ခေတ္တရဟန်းဝတ်ခြင်းဖြစ်တယ် ဆိုရင်လည်း ရဟန်းဘဝဖြင့် ရှိနေစဉ်အတွင်း ဝိနည်းတော်နှင့်အညီသာ ကျင့်ကြံနေထိုင်ရမှာ ဖြစ်တယ်။။ တကယ်လို့ အမှုစွဲဆိုမယ်ဆိုပါက သာသနာ့ဘောင်မှ လူ့ဘောင်သို့ ပြန်လည် ဝင်ရောက်ပြီးမှသာ စွဲဆိုသင့်တယ်။ ရဟန်းတော်နှင့် လူပုဂ္ဂိုလ်တို့ အမွေပစ္စည်းနှင့်စပ်လျဉ်း၍ အမှုဆိုင်ပြိုင်မှု ပြုခြင်းက မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ကိုက်ညီအပ်စပ်တယ်လို့ မဆိုသာချေ။

A&D Myanmar Legal Services

ခွေးနဲ့တူရင် မိဘအမွေ မရဘူး

သားသမီးတွေ မိဘအမွေ ဆက်ခံခွင့် မရှိတာက ခွေးနဲ့တူတဲ့ သားသမီးဖြစ်မှ ဖြစ်တယ်။ ဥပဒေအရ မိဘတွေအနေနဲ့ သားသမီးကို ခွေးနဲ့တူတယ်လို့ ကြေငြာခွင့် မရှိ။ ဒါကြောင့် သတင်းစာထဲမှာ သား ဒါမှမဟုတ် သမီး ဖြစ်သူကို “ပြောစကား နားမထောင်” လို့ အမွေပြတ် စွန့်လွတ်တယ်ဆိုပြီး ကြေငြာနေတာတွေဟာ တရားမဝင်ပါဘူး။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သွာနုတ္တ ခေါ် ခွေးနှင့်တူသော သား ဒါမဟုတ် သမီး က အမွေဆက်ခံခွင့်ရှိသူ မဟုတ်။ မိဘတွေအနေနဲ့ သားသမီးတွေကို သွာနုတ္တလို့ သတ်မှတ်ခွင့် မရှိပါ။ အမွေပြတ် စွန့်လွတ်ခွင့် မရှိပါ။ မိဘများ ရှိစဉ်မှာ အမွေဆိုတာ မရှိသလို၊ မိဘများ ကွယ်လွန်ပြီးမှ အမွေဆိုတာ ပေါ်ပေါက်လာတာဖြစ်တယ်။ အမွေဆက်ခံနိုင်စွမ်းကို ပိတ်ပင်နိုင်စေရန် ကြေငြာတဲ့ ကြေငြာချက်ဟာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် ဆန့်ကျင်သည့်အတွက် ဖြစ်တယ်။

သွာနုတ္တလို့ မိဘတွေက မသတ်မှတ်နိုင်ရင် ဘယ်သူတွေက သတ်မှတ်နိုင်သလဲ။

သွာနုတ္တသားသမီးများ ဖြစ်မဖြစ်ဆိုတာကို မိဘများကွယ်လွန်ပြီးနောက် အမွေခွဲဝေဖို့ လုပ်တဲ့နေရာမှာ သက်ရှိထင်ရှားကျန်ရှိသည့် ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုးသားချင်းတွေက အဆိုပြုလေ့ရှိကြောင်းကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ ထုံးဖွဲ့ထားသော စီရင်ထုံးများအရ တွေ့ရတယ်။ ပြောရရင်တော့ အဲဒီတစ်ယောက်က မိဘတွေ ရှိစဉ်တုန်းက မိဘတွေကို ဘယ်လို စိတ်ဆင်းရဲအောင် လုပ်တယ်၊ ဘယ်လို ဒုက္ခရောက်အောင် လုပ်တယ်၊ ကိုယ်ထိလက်ရောက် စော်ကားတယ် စသဖြင့် သွာနုတ္တဖြစ်အောင် ပုံဖော်ပြီး အမွေမရအောင် လုပ်ကြတာ ဖြစ်ပါတယ်။

A&D Myanmar Legal Services